ယောနသံဒေသ အကြီးအကဲက ရေဘေးသင့် ပြည်သူများထံ သွားရောက်ကာ လိုအပ်သည်များကို ဆောင်ရွက်ပေး
ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၅၀၀ ကျော် ပြောင်းရွှေ့နေထိုင်နေရသည့် ရန်အောင်မြင့်ဒေသခွဲ၊ အိမ်ဦးဒေသခွဲနှင့် တံခွန်ဒေသခွဲတို့ရှိ အရေးပေါ် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိခိုက်ခံစားခဲ့ရသော ပြည်သူများနှင့် ထိတွေ့ဆက်ဆံကာ ၎င်းတို့၏ စိုးရိမ်မှုများကို နားထောင်ပြီး အစိုးရ၏ အကူအညီ ချက်ချင်းရရှိရန် အာမခံပေးခဲ့သည်။
ပျက်စီးသွားသော အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ စားနပ်ရိက္ခာ၊ ရေသန့်၊ ဆေးဝါးထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် အမျိုးသားကာကွယ်ရေးတပ်မတော် (NDA) အား ပိုမို တပ်ဖြန့် ချထားမည့်အပြင် စေတနာ့ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများကို ခွင့်ပြုပေးထားကြောင်း နှင့် ကူညီဆောင်ရွက်ပေးနေသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ခရီးစဥ်အတွင်း ပြောကြားခဲ့သည်။
ခရီးစဥ်အတွင်း အကြီးအကဲသည် သဘာဝဘေးအန္တရာယ်ကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရသော မိသားစုများအတွက် အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေများ သတ်မှတ်ကျခံခြင်း ကို ပမာဏ တိုးမြှင့်မည် ဖြစ်ကြောင်း နှင့် အနာဂတ်တွင် ရေဘေးလျော့ပါးရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အစီအစဉ်များကို အားကောင်းစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကတိပြု ခဲ့သည်။