ယောနသံဒေသအကြီးအကဲ ပထမမိုးနတ်မင်းသား၏ ဗမာအမျိုးသား စည်းလုံးရေး မိန့်ခွန်း
ကြည့်ရှု့ နားဆင်နေကြမယ့် ဒေသအသီးသီးက ဗမာလူမျိုးတွေ အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျွန်တော် အခုတကြိမ် ပြောတာဟာ ကျွန်တော့် အမိမြေယောနသံ ဒေသ တစ်ခုတည်းကို ရည်ရွယ်တဲ့ မိန့်ခွန်းမဟုတ်ပဲ ဗမာတမျိုးသားလုံးကို ရည်ရွယ်ပြောကြားမယ့် တိုက်တွန်းချက်ပါ။
အရင်ဆုံး ကျွန်တော့်ဒေသအကြောင်းကိုပဲ စပြောရမှာပါ။ ယောနသံဒေသမှာ ဗမာအများစု နေထိုင်ကြတယ်ဆိုပေမယ့်လည်း တခြားလူမျိုးတွေ လည်း မှီတင်းနေထိုင်ကြပါတယ်။ ဒါပေမယ့် အားလုံးဟာ တမြေထဲနေ၊ တရေတည်းသောက် ညီအစ်ကိုတွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးမှာ လူမျိုးတူ ဗမာလူမျိုးတွေကတော့ နယ်ပယ်ဒေသတွေကွဲ ပြီး စစ်မက်ဖြစ်ပွားတာတွေကို ကြားနေရတာဟာ ရင်နာစရာ ကောင်းနေပါတယ်။
ဗမာလူမျိုး သမိုင်းကို ပြန်ကြည့်မယ်ဆို ခေတ်သစ်ကာလမှာ မညီညွတ်တဲ့ ပြဿနာတွေ၊ စည်းလုံးမှုမရှိတာတွေကြောင့် အားနည်းခဲ့ရတာတွေဟာ ထင်ထင်ရှားရှား ဖြစ်ခဲ့ပြီးပါပြီ။ ပြည်သူအချင်းချင်းကြား၊ မျိုးနွယ်စုကြား သဘောထားကွဲလွဲတာတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေကြားက နိုင်ငံရေးအရ ကွဲလွဲမှုတွေဟာ ဗမာလူမျိုးတွေအတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို မရောက်ရှိစေခဲ့ပါဘူး။
ယောနသံဒေသအနေနဲ့ ရိုးသားစွာ ယုံကြည်တာကတော့ စည်းလုံးမှုအတွက် အလေးထားကြိုးစားမှသာ ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရလည်း တူညီစည်းလုံးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အတိတ်ကို မေ့ပြီး အနာဂတ်ကို အကောင်းဆုံးချီတက်သင့်ကြပြီ ဖြစ်ကြောင်းလည်း ဗမာခေါင်းဆောင်များကို တိုက်တွန်းလိုပါတယ်။ မညီညွတ်တဲ့အကျိုးကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီးပါပြီ။
ကမ္ဘာ့သမိုင်းမှာ မြန်မာလူမျိုးတို့ စည်းလုံးတာကြောင့် အောင်မြင်မှုရရှိခဲ့ဖူးတဲ့ အစဥ်အဆက် စွမ်းအားကို ပြန်လည်ယူဆောင်နိုင်ဖို့ အလွန်ကို အရေးကြီးနေပါပြီ။
သမိုင်းထဲက တည်မြဲမှုကို ပြန်လည်ဆောင်ရွက်ကြဖို့ အချိန်ကာလ ရောက်ရှိနေပါပြီ။
ကျွန်တော်တို့ အိမ်ပြန်ကြပါစို့ ညီအစ်ကိုတို့။