အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ


နိဒါန်း

ယောနသံဒေသ၏ ပြည်သူများဖြစ်ကြသော ကျွန်ုပ်တို့သည် ဒေသ၏ ထာဝရတည်ငြိမ်မှု၊ စည်းလုံးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရည်ရွယ်၍ အနာဂတ်မျိုးဆက်သစ်များအတွက် တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာကို အာမခံနိုင်မည့် စနစ်တစ်ခုကို တည်ထောင်ရန် ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းလိုက်သည်။ ဤဥပဒေသည် ယောနသံဒေသ၏ အချုပ်အခြာအာဏာကို ကာကွယ်ပြီး၊ ပြည်သူလူထု၏ သာယာဝပြောရေးကို အာမခံမည်ဖြစ်သည်။

အခန်း ၁: အမည်၊ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် မြို့တော်

အပိုဒ် ၁: အမည်

ဤဥပ​ဒေကို ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟု ခေါ်ဆိုစေရမည်။

အပိုဒ် ၂: ဒေသ၏ သတ်မှတ်ချက်

ယောနသံဒေသ သည် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိစေရမည်။

အပိုဒ် ၃: မြို့တော်

ယောနသံဒေသ၏ မြို့တော်ကို ယောနသံမြို့ ဟု သတ်မှတ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ ရုံးများသည် ယောနသံမြို့တွင် တည်ရှိစေရမည်။

အပိုဒ် ၄: အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဒေသအကြီးအကဲ (Head of Region): ယောနသံ၏ အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာကို ကိုင်စွဲသည့် ပုဂ္ဂိုလ်။
 မိုးနတ်အိမ်တော်: ဒေသ၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများကို ကိုယ်စားပြုသည့် မျိုးနွယ်စု။
ပြည်သူ့အတိုင်ပင်ခံကောင်စီ (Public Advisory Council): ဥပဒေပြုအာဏာကို ကျင့်သုံးသည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ကောင်စီ။
ဒေသအစိုးရအဖွဲ့ (Regional Government): အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူသည့် အဖွဲ့အစည်း။
ယောနသံတိုးတက်ရေးအဖွဲ့ (YTPU): ဒေသ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့။
စစ်သေနာပတိ (Commander-in-Chief): ယောနသံတပ်မတော်၏ အမြင့်ဆုံးခေါင်းဆောင်။

အခန်း ၂: အုပ်ချုပ်ရေးအာဏာ

အပိုဒ် ၁: ဒေသအကြီးအကဲ
ရာထူးတာဝန်: ဒေသ၏ အကြီးအကဲသည် အုပ်ချုပ်ရေးအာဏာ ကို ကိုင်စွဲသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ယောနသံတပ်မတော်၏ စစ်သေနာပတိ အဖြစ် တာဝန်ယူရမည်။

ရာထူးဆက်ခံခြင်း: ဒေသအကြီးအကဲရာထူးကို မိုးနတ်အိမ်တော် မှ ဆင်းသက်လာသော သား၊ သမီး သို့မဟုတ် အမွေဆက်ခံသူများကသာ ဆက်ခံရမည်။ ရာထူးဆက်ခံမှုအတွက် သီးခြားတည်ရှိသော "နန်းမွေဆက်ခံရေး ဥပဒေ" (Law of Succession) ကို လိုက်နာရမည်။

လုပ်ပိုင်ခွင့်:

   * ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ်ဘက်အရာရှိကြီးများ၊ သံတမန်များကို ခန့်အပ်ပိုင်ခွင့်ရှိသည်။
   * နိုင်ငံတကာသံတမန်ဆက်ဆံရေးများကို ဦးဆောင်ရမည်။
   * အရေးပေါ်အခြေအနေများတွင် ပြည်သူ့အတိုင်ပင်ခံကောင်စီ၏ အတည်ပြုချက်ဖြင့် အမိန့်အာဏာများ ထုတ်ပြန်နိုင်သည်။

အပိုဒ် ၂: ဒေသအစိုးရအဖွဲ့
 * ဖွဲ့စည်းပုံ: ဒေသအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် နှင့် ဒေသဝန်ကြီးဌာနများအတွက် တာဝန်ယူမည့် ဝန်ကြီးများ ပါဝင်ရမည်။
 * ဝန်ကြီးချုပ် ခန့်အပ်ခြင်း: ဝန်ကြီးချုပ်ကို ပြည်သူ့အတိုင်ပင်ခံကောင်စီ၏ ထောက်ခံမှုရရှိသူများထဲမှ ဒေသအကြီးအကဲက ခန့်အပ်ရမည်။
 * တာဝန်ခံမှု: ဒေသအစိုးရအဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများအတွက် ဒေသအကြီးအကဲနှင့် ပြည်သူ့အတိုင်ပင်ခံကောင်စီ နှစ်ခုစလုံးအပေါ် တာဝန်ခံမှုရှိရမည်။

အပိုဒ် ၃: ဒေသခွဲဆိုင်ရာ အုပ်ချုပ်ရေး
 * အုပ်ချုပ်ရေးမှူးများ: ဒေသခွဲအသီးသီးရှိ အုပ်ချုပ်ရေးမှူးများကို ဒေသအကြီးအကဲက ခန့်အပ်ရမည်။
 * သီးခြားအုပ်ချုပ်ခွင့်ရ ဒေသခွဲများ: ရတနာရွှေမြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အုန်းကျွန်းဒေသခွဲတို့သည် ပြည်တွင်းရေးရာကိစ္စများကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိပြီး ၎င်းတို့၏ ခေါင်းဆောင်များကို ၎င်းတို့၏ သီးခြားဥပဒေများအတိုင်း ရွေးချယ်နိုင်ခွင့်ရှိသည်။ သို့သော် နိုင်ငံခြားရေးမူဝါဒ၊ ကာကွယ်ရေးနှင့် အမျိုးသားရေးဆိုင်ရာ မူဝါဒများအတွက်မူ ဒေသအကြီးအကဲ၏ ဦးဆောင်မှုကို လိုက်နာရမည်။

အခန်း ၃: ဥပဒေပြုအာဏာ

အပိုဒ် ၁: ပြည်သူ့အတိုင်ပင်ခံကောင်စီ
 * ဖွဲ့စည်းပုံ: ပြည်သူ့အတိုင်ပင်ခံကောင်စီကို ဒေသခွဲအသီးသီးမှ ပြည်သူများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
 * သက်တမ်း: ကောင်စီဝင်များ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး ပြန်လည်အရွေးခံနိုင်သည်။

 * လုပ်ပိုင်ခွင့်:

   * ဥပဒေများ ရေးဆွဲအတည်ပြုခြင်းနှင့် ပြင်ဆင်ခြင်း။
   * ဒေသအစိုးရအဖွဲ့က တင်သွင်းသော ဥပဒေမူကြမ်းများကို ဆွေးနွေးအတည်ပြုခြင်း၊ သို့မဟုတ် ပယ်ချခြင်း။
   * ဒေသ၏ ဘဏ္ဍာရေးဆိုင်ရာ ဘတ်ဂျက်ကို အတည်ပြုခြင်းနှင့် ကြီးကြပ်ခြင်း။
   * ဒေသအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း။

အပိုဒ် ၂: ဥပဒေပြဋ္ဌာန်းခြင်း
ဥပဒေမူကြမ်းတစ်ခုကို အတည်ဖြစ်စေရန်အတွက် ပြည်သူ့အတိုင်ပင်ခံကောင်စီ၏ အနည်းဆုံး ၇၅% ထောက်ခံမှု ရရှိရမည်။ အတည်ဖြစ်ပြီးသော ဥပဒေမူကြမ်းကို ဒေသအကြီးအကဲက လက်မှတ်ရေးထိုးမှသာ အာဏာတည်စေရမည်။ ဒေသအကြီးအကဲသည် ဥပဒေတစ်ခုကို ပြန်လည်သုံးသပ်ရန် တစ်ကြိမ်တည်းသာ တောင်းဆိုခွင့်ရှိပြီး၊ ကောင်စီက မူလမဲဖြင့် ပြန်လည်အတည်ပြုပါက လက်မှတ်ရေးထိုးရမည်။

အခန်း ၄: တရားစီရင်ရေးအာဏာ

အပိုဒ် ၁: တရားရုံးစနစ်၏ လွတ်လပ်မှု
 * ယောနသံဒေသ၏ တရားစီရင်ရေးအာဏာကို တရားရုံးများက ကိုင်စွဲကျင့်သုံးရမည်။ တရားရုံးစနစ်သည် အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေပြုအဖွဲ့တို့မှ လုံးဝကင်းလွတ်ပြီး လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ရမည်။
 * အမြင့်ဆုံးတရားရုံး (Supreme Court): ဒေသ၏ အမြင့်ဆုံးတရားရုံးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမှုအခင်းများကို အပြီးသတ်ဆုံးဖြတ်ပေးရမည်။

အပိုဒ် ၂: တရားသူကြီးများခန့်အပ်ခြင်း
အမြင့်ဆုံးတရားရုံး၏ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ဒေသအကြီးအကဲက ခန့်အပ်ပြီး၊ ပြည်သူ့အတိုင်ပင်ခံကောင်စီ၏ ၅၀% ထက်ပိုသော မဲဖြင့် အတည်ပြုရမည်။

အခန်း ၅: ပြည်သူ့အခွင့်အရေးနှင့် တာဝန်များ

အပိုဒ် ၁: အခြေခံအခွင့်အရေးများ
 * ယောနသံဒေသအတွင်း နေထိုင်သူတိုင်းသည် ဥပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေး ရရှိရမည်။
 * ဒေသအစိုးရမှ ချမှတ်ထားသော လူ့အခွင့်အရေးကို မထိခိုက်သည့် သတ်မှတ်မူဘောင်အောက်တွင်
လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာနေထိုင်သွားလာခွင့်ကို အာမခံရမည်။
 * မည်သူ့ကိုမဆို အသားအရောင်၊ ဘာသာ၊ လူမျိုး၊ ကျား/မ ခွဲခြားမှုမပြုရ။

အပိုဒ် ၂: တာဝန်များ
 * ယောနသံဒေသသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒေသ၏ တရားဥပဒေများကို လေးစားလိုက်နာရမည်။
 * ဒေသ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တာဝန်ယူမှုရှိရမည်။
 * နိုင်ငံတော်နှင့် ဒေသအပေါ် သစ္စာစောင့်သိရမည်။

အခန်း ၆: ဘဏ္ဍာရေးနှင့် အခွန်စနစ်

အပိုဒ် ၁: ဘဏ္ဍာရေးမူဝါဒ
ဒေသ၏ ဘဏ္ဍာရေးမူဝါဒများကို ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနက စီမံခန့်ခွဲရမည်။

အပိုဒ် ၂: အခွန်ကောက်ခံခြင်း
အခွန်အကောက်များကို ပြည်သူ့အတိုင်ပင်ခံကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ တရားမျှတစွာ ကောက်ခံရမည်။

အခန်း ၇: ကာကွယ်ရေးနှင့် လုံခြုံရေး

အပိုဒ် ၁: အမျိုးသားကာကွယ်ရေးတပ်မတော် (NDA)
 * NDA သည် ယောနသံဒေသ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်နှင့် ပြည်သူ့လုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသည်။
 * ဖွဲ့စည်းပုံ: NDA ကို စစ်သေနာပတိ (ဒေသအကြီးအကဲ) ၏ ကွပ်ကဲမှုအောက်တွင် တည်ရှိရမည်။

အပိုဒ် ၂: စစ်မှုမထမ်းမနေရ
အသက် ၁၈ နှစ်ပြည့်ပြီးသော ဒေသသားတိုင်းသည် NDA တွင် အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမည်။
အခန်း ၈: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း
အပိုဒ် ၁: ပြင်ဆင်ခြင်း လုပ်ငန်းစဉ်
ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်သူ့အတိုင်ပင်ခံကောင်စီ၏ လေးပုံသုံးပုံ (¾) ထောက်ခံမှု ရရှိရမည်။ ထို့နောက် ပြည်သူ့ဆန္ဒခံယူပွဲ (referendum) ဖြင့် အတည်ပြုရမည်။

အပိုဒ် ၂: ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု
ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော အငြင်းပွားမှုများကို အမြင့်ဆုံးတရားရုံးက အပြီးသတ်ဆုံးဖြတ်ပေးရမည်။

ယခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည့်သူ့အတိုင်ပင်ခံကောင်စီ၏ သဘောတူညီချက်ဖြင့် လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။ 

တတိယ မိုးနတ်မင်းသား
အကြီးအကဲ
ယောနသံဒေသ 

စာမူမှတ်တမ်း