အထူးအသိပေးချက်
ယောနသံဒေသ အစိုးရ၏ တရားဝင် အင်တာနက် စာမျက်နှာ ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ဤနေရာတွင် တိုက်ရိုက် ရယူနိုင်ပါသည်။

ယောနသံ ဒေသ အစိုးရအဖွဲ့

Search

ဗဟိုစုပေါင်းစနစ်
ယောနသံဒေသ၏ အခြေခံမူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ယောနသံဒေသ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၆)
ယောနသံဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ ×
ခေတ္တစောင့်ပါ...

ယောနသံ ဒေသအကြီးအကဲ ဥပဒေ


နိဒါန်း

ဒေသအကြီးအကဲ (The Head of the Region) သည် ဒေသ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအကြီးအကဲဖြစ်ပြီးအချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာ၏ ပြယုဂ်လည်း ဖြစ်သည်။ 

ဤဥပဒေသည် ဒေသအကြီးအကဲ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရွေးချယ်ခံရခြင်းနှင့် ရာထူးမှ ဖယ်ရှားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျပြတ်သားစွာ သတ်မှတ်ပြဋ္ဌာန်းထားကာ ယခင်ဥပဒေကို ယခုဥပဒေဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

အခန်း (၁) - ဒေသအကြီးအကဲ၏ အခြေခံမူများနှင့် အရည်အချင်းများ

ပုဒ်မ ၁။ ရာထူး၏ သဘောသဘာဝနှင့် ဂုဏ်သိက္ခာ
(က) ဒေသအကြီးအကဲသည် ယောနသံဒေသ၏ အမြင့်ဆုံးသော အုပ်ချုပ်သူ နှင့် ဒေသ၏ ထာဝရသင်္ကေတ ဖြစ်သည်။ ဒေသ၏ စည်းလုံးညီညွတ်မှု၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဦးဆောင်ရွက်ရမည်။
(ခ) ဒေသအကြီးအကဲ၏ ရာထူးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ရှိပြီး၊ မည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မျှ ၎င်း၏ လုပ်ငန်းဆောင်တာများကို မတရားဝင် စွက်ဖက်ခွင့်မရှိစေရ။
(ဂ) ဒေသအကြီးအကဲသည် ပြည်သူလူထု၏ အလေးထားခံရမှုနှင့် ယုံကြည်ကိုးစားမှုကို ထာဝရ ထိန်းသိမ်းစောင့်ရှောက်ရမည်။

ပုဒ်မ ၂။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေလိုက်နာမှု
(က) ဒေသအကြီးအကဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အလေးအနက် လေးစားလိုက်နာပြီး ကာကွယ်စောင့်ရှောက်ရန် သစ္စာပြုရမည်။
(ခ) ဒေသအကြီးအကဲသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို လိုက်နာရမည်။ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ။

ပုဒ်မ ၃။ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုခြင်း
(က) ဒေသအကြီးအကဲသည် မိမိ၏ တာဝန်ထမ်းဆောင်ရာတွင် ဒေသတွင်းရှိ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို အဓိကထား၍ ဆောင်ရွက်ရမည်။
(ခ) မည်သည့် ပုဂ္ဂိုလ်၊ မိသားစု၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ အကျိုးစီးပွားကိုမှ ဦးစားမပေးခြင်း သို့မဟုတ် ဘက်လိုက်ခြင်း မပြုရ။

ပုဒ်မ ၄။ ဘက်မလိုက်မှုနှင့် သမာသမတ်ကျမှု
(က) ဒေသအကြီးအကဲသည် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး သို့မဟုတ် အခြားသော ကိစ္စရပ်များတွင် ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဆောင်ရွက်ရမည်။
(ခ) ဒေသအကြီးအကဲသည် ပြည်သူအချင်းချင်းအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ရမည်ဖြစ်ပြီး၊ သွေးခွဲခြင်း သို့မဟုတ် အမုန်းတရား ပွားစေခြင်းမှ ရှောင်ကြဉ်ရမည်။

ပုဒ်မ ၅။ အရည်အချင်းများ
ဒေသအကြီးအကဲအဖြစ် ခန့်အပ်ခံရသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။
(က) ယောနသံဒေသ၏ တော်ဝင်မိသားစုမှ ဆင်းသက်သူဖြစ်ရမည်။ (တော်ဝင်သွေးသား စဉ်ဆက်မပြတ်ရှိရမည်)
(ခ) ကိုယ်ကျင့်တရား ကောင်းမွန်ဖြောင့်မတ်ပြီး၊ ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံယူရရှိထားသူဖြစ်ရမည်။
(ဂ) ဒေသ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဥပဒေများကို နားလည်တတ်ကျွမ်းသူဖြစ်ရမည်။
(ဃ) စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ပြီး ဒေသအကြီးအကဲတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိကြောင်း သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းမှ ထောက်ခံချက် ရရှိသူဖြစ်ရမည်။
(င) ပြည်ပနိုင်ငံသား/ဒေသသားခံယူထားခြင်း သို့မဟုတ် ပြည်ပနိုင်ငံနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိခြင်း မရှိစေရ။
(စ) ဒေသအကြီးအကဲရာထူးအတွက် အသက်ကန့်သတ်ချက် မရှိစေရ။

အခန်း (၂) - ဒေသအကြီးအကဲ ခန့်အပ်ခြင်း (ဆက်ခံသူရွေးချယ်မှု)

ပုဒ်မ ၆။ ဆက်ခံသူကို ရွေးချယ်ခြင်း
(က) လက်ရှိ ဒေသအကြီးအကဲသည် မိမိ၏ ဆက်ခံမည့်သူအား တော်ဝင်မိသားစုဝင်များထဲမှ ရွေးချယ်၍ အမည်စာရင်းတင်သွင်းရမည်။ ဤရွေးချယ်မှုသည် ဒေသဧ အနာဂတ်တည်ငြိမ်ရေးနှင့် တော်ဝင်ထုံးတမ်းစဉ်လာများကို အခြေခံရမည်။
(ခ) ဒေသအကြီးအကဲသည် မိမိရွေးချယ်သော ဆက်ခံသူ၏ အမည်နှင့် ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ပြည့်မီကြောင်းကို အထောက်အထားများဖြင့် တင်ပြကာ ယောနသံ ပြည်သူ့အတိုင်ပင်ခံကောင်စီ (YPCC) ၏ အတည်ပြုချက်ကို ရယူရမည်။
(ဂ) YPCC သည် အဆိုပြုထားသော ဆက်ခံသူ၏ အရည်အချင်းများကို စေ့စပ်စွာ စိစစ်ပြီး အများဆန္ဒ (၅၀%+၁) ဖြင့် ထောက်ခံမဲ ရရှိပါက အတည်ပြုရမည်။
(ဃ) YPCC ၏ အတည်ပြုချက် ရရှိပါက အဆိုပါ ဆက်ခံသူသည် နောင်တွင် ဒေသအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် တရားဝင် အမည်စာရင်းတင်သွင်းခံရသူ (Designated Successor) ဖြစ်လာမည်။

ပုဒ်မ ၇။ ဒေသအကြီးအကဲ ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းခြင်း (ဆက်ခံသူမရှိလျှင်)
(က) လက်ရှိ ဒေသအကြီးအကဲသည် ဆက်ခံမည့်သူအား အမည်စာရင်းတင်သွင်းရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ် တင်သွင်းခဲ့သည့် ဆက်ခံသူအား YPCC က ငြင်းပယ်ခဲ့လျှင် ဒေသအကြီးအကဲ ရွေးချယ်ရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရမည်။
(ခ) ဤကော်မတီကို YPCC ၏ အဖွဲ့ဝင် သုံးပုံနှစ်ပုံ (2/3) ၏ သဘောတူညီချက် ဖြင့် ဖွဲ့စည်းရမည်။
(ဂ) ဤကော်မတီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ရမည်။
(၁) တော်ဝင်မိသားစု၏ အစဉ်အလာအရ ခန့်အပ်သော ကိုယ်စားလှယ် (၅) ဦး။ (ဒေသ၏ အကြီးအကဲရွေးချယ်ရေး ဓလေ့ထုံးတမ်းကို ကိုယ်စားပြုရမည်)
(၂) YPCC မှ ရွေးချယ်သော ကိုယ်စားလှယ် (၃) ဦး။
(၃) အကြံပေးလက်ရုံးကောင်စီမှ ရွေးချယ်သော ကိုယ်စားလှယ် (၂) ဦး။
(၄) ဥပဒေပညာရှင်၊ သမိုင်းပညာရှင်နှင့် ဘာသာရေးခေါင်းဆောင် (တစ်ဦးစီ) (၃) ဦး။

ပုဒ်မ ၈။ ရွေးချယ်ခြင်း လုပ်ငန်းစဉ် (တော်ဝင်ရွေးချယ်မှု)
(က) ဒေသအကြီးအကဲ ရွေးချယ်ရေး ကော်မတီသည် ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ပြည့်မီသော တော်ဝင်မိသားစုဝင်များထဲမှ အသင့်လျော်ဆုံးသော ကိုယ်စားလှယ် (၃) ဦး ပါဝင်သည့် အမည်စာရင်းကို ပြင်ဆင်ရမည်။ ဤအမည်စာရင်း ပြင်ဆင်ရာတွင် တော်ဝင်မိသားစု၏ ထုံးတမ်းစဉ်လာများနှင့် ဓလေ့ထုံးတမ်းများကို အဓိကထား၍ စဉ်းစားရမည်။
(ခ) ကော်မတီသည် အမည်စာရင်းပါ ကိုယ်စားလှယ်များ၏ အရည်အချင်း၊ ကိုယ်ကျင့်တရား၊ ပြည်သူ့အပေါ် သဘောထား၊ ဒေသအပေါ် ပေးဆပ်လိုစိတ်နှင့် အနာဂတ်မျှော်မှန်းချက်များအပေါ် စေ့စပ်သေချာစွာ ဆန်းစစ်အကဲဖြတ်ရမည်။
(ဂ) ကော်မတီသည် ဆန်းစစ်မှုများအပြီးတွင် ဒေသအကြီးအကဲအဖြစ် သင့်လျော်သည်ဟု ယူဆသော ကိုယ်စားလှယ် (၁) ဦးကို YPCC သို့ အဆိုပြုတင်သွင်းရမည်။
(ဃ) YPCC သည် ကော်မတီ၏ အဆိုပြုချက်ကို လက်ခံရရှိပြီးနောက် ရက်ပေါင်း (၃၀) အတွင်း ဆွေးနွေးဆုံးဖြတ်ရမည်။ YPCC အဖွဲ့ဝင် သုံးပုံနှစ်ပုံ (2/3) ၏ ထောက်ခံမဲ ဖြင့်သာ ဒေသအကြီးအကဲအဖြစ် ခန့်အပ်အတည်ပြုရမည်။

ပုဒ်မ ၉။ ကျမ်းသစ္စာ ကျိန်ဆိုခြင်း
(က) ဒေသအကြီးအကဲအဖြစ် ခန့်အပ်ခံရသူသည် YPCC ၏ အထူးအစည်းအဝေးတွင် အောက်ပါကျမ်းသစ္စာကို ကျိန်ဆိုရမည်။
"ကျွန်ုပ်သည် ယောနသံဒေသ၏ ဒေသအကြီးအကဲအဖြစ် ရာထူးတာဝန်ကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို အစဉ်လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါမည်။ ယောနသံဒေသပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို အစဉ်အမြဲ ရှေးရှု၍ တရားမျှတစွာ ဆောင်ရွက်ပါမည်ဟု သစ္စာဆို ကျိန်ဆိုပါသည်"
(ခ) ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့်အခါ ဒေသအကြီးအကဲသည် တရားဝင် ရာထူးတာဝန် စတင်ထမ်းဆောင်ရမည်။

အခန်း (၃) - ဒေသအကြီးအကဲ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ

ပုဒ်မ ၁၀။ အုပ်ချုပ်ရေးအာဏာ
(က) ဒေသအကြီးအကဲသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် အစိုးရအဖွဲ့ (Government) ကို ဖွဲ့စည်းရမည်။
(ခ) ဒေသအကြီးအကဲသည် ဝန်ကြီးဌာနများ၏ အကြီးအကဲများဖြစ်သော ဝန်ကြီးများကို ခန့်အပ်ခြင်း၊ ရာထူးမှ ဖယ်ရှားခြင်း ပြုလုပ်နိုင်သော်လည်း YPCC ၏ အများဆန္ဒ (၅၀%+၁) ဖြင့် အတည်ပြုချက် ကို ရယူရမည်။ ဝန်ကြီးများကို ခန့်အပ်ရာတွင် သက်ဆိုင်ရာနယ်ပယ်၏ ကျွမ်းကျင်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုကို အဓိကထား စဉ်းစားရမည်။
(ဂ) အစိုးရအဖွဲ့သည် ဒေသအကြီးအကဲနှင့် YPCC ကို ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် တာဝန်ခံရမည်။

ပုဒ်မ ၁၁။ မူဝါဒ ဦးဆောင်မှု
(က) ဒေသအကြီးအကဲသည် ဒေသ၏ လုံခြုံရေး၊ ကာကွယ်ရေး၊ ပြည်ပဆက်ဆံရေးနှင့် အဓိကမူဝါဒများ၊ ဦးတည်ချက်များကို အကြံပေးလက်ရုံးကော်မတီနှင့် YPCC ၏ အကြံပြုချက်များကို အလေးထား စဉ်းစားကာ ချမှတ်လမ်းညွှန်ရမည်။
(ခ) ဒေသအကြီးအကဲသည် ဒေသ၏ အမြင့်ဆုံး သေနာပတိအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ နယ်မြေပိုင်နက်နှင့် ပြည်သူလူထု လုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသည်။ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများကို ချမှတ်ရာတွင် YPCC နှင့် ပုံမှန်တိုင်ပင်ဆွေးနွေးရမည်။

ပုဒ်မ ၁၂။ ဥပဒေ လက်မှတ်ရေးထိုးခြင်း
(က) YPCC မှ တရားဝင် အတည်ပြုပြဋ္ဌာန်းသော ဥပဒေမူကြမ်းများ၊ နည်းဥပဒေများနှင့် ပြည်ပနိုင်ငံများ/ဒေသများနှင့် ချုပ်ဆိုသော စာချုပ်များကို ဒေသအကြီးအကဲက လက်မှတ်ရေးထိုး၍ အတည်ပြုရမည်။
(ခ) ဒေသအကြီးအကဲသည် YPCC မှ အတည်ပြုထားသော ဥပဒေမူကြမ်းတစ်ခုအပေါ် ကန့်ကွက်လိုပါက ဥပဒေမူကြမ်းကို လက်မှတ်မထိုးမီ ရက်ပေါင်း (၃၀) အတွင်း ၎င်း၏ သဘောထားမှတ်ချက်များနှင့်အတူ YPCC သို့ ပြန်လည်သုံးသပ်ရန် ပြန်ပို့နိုင်ခွင့်ရှိသည်။
(ဂ) YPCC က ဒေသအကြီးအကဲ၏ သဘောထားမှတ်ချက်များကို ပြန်လည်သုံးသပ်ပြီးနောက် အဖွဲ့ဝင် သုံးပုံနှစ်ပုံ (2/3) ၏ ထောက်ခံမဲ ဖြင့် မူကြမ်းကို ထပ်မံအတည်ပြုပါက ဒေသအကြီးအကဲသည် ဥပဒေမူကြမ်းကို မဖြစ်မနေ လက်မှတ်ရေးထိုး အတည်ပြုရမည်။

ပုဒ်မ ၁၃။ ဘဏ္ဍာရေးဆိုင်ရာ တာဝန်
(က) ဒေသ၏ နှစ်ပတ်လည် ဘဏ္ဍာရေးအစီအစဉ်များနှင့် ဘတ်ဂျက်ကို YPCC မှ အတည်ပြုပြီးနောက် ဒေသအကြီးအကဲက လက်မှတ်ရေးထိုး အတည်ပြုရမည်။
(ခ) ဘဏ္ဍာငွေများကို စနစ်တကျ၊ ပွင့်လင်းမြင်သာစွာ အသုံးပြုခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြီးကြပ်ရန် တာဝန်ရှိသည်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအားလုံးသည် YPCC နှင့် ပြည်သူများအား ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ရမည်။

ပုဒ်မ ၁၄။ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်
(က) ဒေသအကြီးအကဲသည် တရားစီရင်ရေး၏ လွတ်လပ်မှုကို အာမခံရမည်။ တရားရုံးများ၏ ဆုံးဖြတ်ချက်များကို မည်သည့်နည်းနှင့်မျှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ စွက်ဖက်ခြင်း မပြုရ။
(ခ) တရားရုံးများမှ ချမှတ်သော ပြစ်ဒဏ်များကို လျှော့ပေါ့ခြင်း၊ သက်ညှာခြင်း သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ကိစ္စရပ်များတွင် အကြံပေးလက်ရုံးကောင်စီ၏ တင်ပြချက် နှင့် YPCC ၏ အများဆန္ဒဖြင့် အကြံပြုချက်များ ကို ထည့်သွင်းစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချမှတ်နိုင်သည်။ ဤသို့ ဆုံးဖြတ်ရာတွင် တရားမျှတမှုနှင့် လူသားချင်းစာနာထောက်ထားမှုကို အခြေခံရမည်။

ပုဒ်မ ၁၅။ အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး
(က) ဒေသအကြီးအကဲသည် ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် တာဝန်ရှိသည်။
(ခ) ယောနသံဒေသ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း အမွေပေးရန် တာဝန်ရှိသည်။
(ဂ) ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ဦးဆောင်ကြိုးပမ်းရမည်။

အခန်း (၄) - ဒေသအကြီးအကဲကို ရာထူးမှ ဖယ်ရှားခြင်း

ပုဒ်မ ၁၆။ ရာထူးမှ ဖယ်ရှားရန် အကြောင်းရင်းများ
ဒေသအကြီးအကဲကို အောက်ပါအကြောင်းရင်းများ တစ်ခုခုကြောင့် YPCC က ရာထူးမှ ဖယ်ရှားနိုင်သည်။
(က) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုးရွားစွာ၊ ထပ်တလဲလဲ ချိုးဖောက်ခြင်း သို့မဟုတ် ဥပဒေကို မလိုက်နာဘဲ တရားမဝင် လုပ်ဆောင်ခြင်း။
(ခ) ပြည်သူ့အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေသော သို့မဟုတ် ဒေသလုံခြုံရေးကို ထိခိုက်စေသော ဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ အာဏာကို အလွန်အကျွံ အလွဲသုံးစားလုပ်ခြင်း။
(ဂ) အကျင့်ပျက်ခြစားမှု ကြီးမားစွာ ကျူးလွန်ခြင်း သို့မဟုတ် ဒေသ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသော ပြုမူဆောင်ရွက်မှုများ ပြုလုပ်ခြင်း။
(ဃ) စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုးရွားစွာ ချို့ယွင်းမှု ကြောင့် တာဝန်ထမ်းဆောင်နိုင်စွမ်း လုံးဝမရှိတော့ကြောင်း လွတ်လပ်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော ကော်မတီ၏ သုံးပုံနှစ်ပုံ (2/3) ထောက်ခံမှုအရ။

ပုဒ်မ ၁၇။ ရာထူးမှ ဖယ်ရှားခြင်း လုပ်ငန်းစဉ်
(က) အဆိုပြုချက်: YPCC အဖွဲ့ဝင် သုံးပုံတစ်ပုံ (1/3) မှ ဒေသအကြီးအကဲကို ရာထူးမှ ဖယ်ရှားရန် အဆိုပြုချက်ကို YPCC ဥက္ကဋ္ဌထံ တင်သွင်းနိုင်သည်။ တင်သွင်းသည့် အဆိုပြုချက်တွင် ဖယ်ရှားလိုသည့် အကြောင်းရင်းများနှင့် ခိုင်လုံသော အချက်အလက်၊ အထောက်အထားများကို အသေးစိတ် ဖော်ပြရမည်။
(ခ) စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်း: အဆိုပြုချက်ကို လက်ခံရရှိပြီးနောက် YPCC သည် လွတ်လပ်သော၊ ဘက်မလိုက်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ရက်ပေါင်း (၁၅) ရက်အတွင်း ဖွဲ့စည်းရမည်။ ဤကော်မရှင်တွင် ဥပဒေပညာရှင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွေ့အကြုံရှိသူများ၊ YPCC ကိုယ်စားလှယ်များ (အဆိုပြုသူများမှ မဟုတ်)၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ထင်ရှားကျော်ကြားသော အငြိမ်းစား တရားသူကြီးများ ပါဝင်ရမည်။
(ဂ) စုံစမ်းစစ်ဆေးခြင်း: စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စွပ်စွဲချက်များအားလုံးကို ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရမည်။ ဒေသအကြီးအကဲအား မိမိဘက်မှ ချေပရန်၊ သက်သေများ တင်ပြရန်နှင့် ရှေ့နေငှားရမ်းရန် အခွင့်အရေး အပြည့်အဝ ပေးရမည်။ စုံစမ်းစစ်ဆေးမှု ကာလသည် ရက်ပေါင်း (၉၀) ထက် မကျော်လွန်စေရ။
(ဃ) အစီရင်ခံစာတင်ပြခြင်း: စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ၎င်း၏တွေ့ရှိချက်များ၊ သက်သေအထောက်အထားများနှင့် အကြံပြုချက်များပါဝင်သော ပြည့်စုံသော အစီရင်ခံစာ ကို YPCC သို့ တင်ပြရမည်။
(င) မဲပေးဆုံးဖြတ်ခြင်း: YPCC သည် ကော်မရှင်၏ အစီရင်ခံစာကို စိစစ်ပြီးနောက် ရက်ပေါင်း (၃၀) အတွင်း ဆုံးဖြတ်ချက်ချမှတ်ရန် မဲပေးရမည်။ YPCC အဖွဲ့ဝင် သုံးပုံနှစ်ပုံ (2/3) ၏ ထောက်ခံမဲ ရရှိမှသာ ဒေသအကြီးအကဲကို ရာထူးမှ ချက်ချင်း ဖယ်ရှားရမည်။ ဤမဲပေးဆုံးဖြတ်မှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
(စ) ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု: YPCC ၏ ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး မည်သည့်တရားရုံး သို့မဟုတ် အဖွဲ့အစည်းကမျှ ပြန်လည်စိစစ်၍ မရစေရ။

ပုဒ်မ ၁၈။ ယာယီအစားထိုးခြင်းနှင့် ရာထူးဆက်ခံခြင်း
(က) ဒေသအကြီးအကဲအား ရာထူးမှ ဖယ်ရှားရန် လုပ်ငန်းစဉ် စတင်သည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ဒေသအကြီးအကဲ နာမကျန်းဖြစ်မှု သို့မဟုတ် အခြား အရေးပေါ်အခြေအနေကြောင့် တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိပါက ဒေသအကြီးအကဲ ရွေးချယ်ရေး ကော်မတီ သည် ယာယီအုပ်ချုပ်ရေးကို ဆောင်ရွက်ရမည်။
(ခ) ဒေသအကြီးအကဲ ရာထူးလစ်လပ်သွားပါက ပုဒ်မ ၆ (ဃ) အရ တရားဝင် အမည်စာရင်းတင်သွင်းခံရသူ (Designated Successor) ရှိပါက အဆိုပါပုဂ္ဂိုလ်သည် ဒေသအကြီးအကဲအဖြစ် ချက်ချင်းရာထူးဆက်ခံရမည်။ ထိုပုဂ္ဂိုလ်သည် ပုဒ်မ ၉ ပါ ကျမ်းသစ္စာကို YPCC ရှေ့မှောက်တွင် ကျိန်ဆိုရမည်။
(ဂ) အကယ်၍ တရားဝင် အမည်စာရင်းတင်သွင်းခံရသူ (Designated Successor) မရှိလျှင် သို့မဟုတ် အမည်စာရင်းတင်သွင်းခံရသူသည် ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် မပြည့်မီတော့ပါက ဒေသအကြီးအကဲ ရွေးချယ်ရေး ကော်မတီ သည် ပုဒ်မ ၈ ပါ လုပ်ငန်းစဉ်အတိုင်း အရည်အချင်းပြည့်မီသော ဒေသအကြီးအကဲအသစ်တစ်ဦးအား ရွေးချယ်ခန့်အပ်ရန် လုပ်ငန်းစဉ်များကို စတင်ရမည်။ ဤလုပ်ငန်းစဉ်သည် ရက်ပေါင်း (၉၀) ထက် မကျော်လွန်စေရ။

အခန်း (၅) - အထွေထွေ ပြဋ္ဌာန်းချက်များ

ပုဒ်မ ၁၉။ ကင်းလွတ်ခွင့်
(က) ဒေသအကြီးအကဲသည် ၎င်း၏ တာဝန်သက်တမ်းအတွင်း တရားဝင်ဆောင်ရွက်သော လုပ်ငန်းများ အတွက် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
(ခ) သို့ရာတွင်၊ အခန်း (၄) ပါ ရာထူးမှ ဖယ်ရှားခြင်းဆိုင်ရာ ဥပဒေအရ ဖယ်ရှားခံရပါက ကင်းလွတ်ခွင့် ပျက်ပြယ်မည်ဖြစ်ပြီး၊ ၎င်းအား ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူနိုင်သည်။

ပုဒ်မ ၂၀။ ဥပဒေ ပြင်ဆင်ခြင်း
(က) ဤဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ကို YPCC အဖွဲ့ဝင် သုံးပုံနှစ်ပုံ (2/3) ၏ ထောက်ခံမဲ ဖြင့်သာ ဆောင်ရွက်နိုင်သည်။
(ခ) ဥပဒေပြင်ဆင်မှုများအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ကိုက်ညီရမည်။
(ဂ) ဥပဒေပြင်ဆင်မှုများကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ အသိပေး ကြေညာရမည်။

ပုဒ်မ ၂၁။ ဥပဒေ အသက်ဝင်ခြင်း
ဤဥပဒေများသည် YPCC မှ တရားဝင် အတည်ပြုပြီး ဒေသအကြီးအကဲက လက်မှတ်ရေးထိုးသည့်နေ့မှစ၍ အသက်ဝင် စတင်အကျိုးသက်ရောက်မည်။

ဤဥပဒေကို ကျွန်ုပ်က လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။

တတိယမိုးနတ်မင်းသား
ယောနသံဒေသအကြီးအကဲ

စာမူမှတ်တမ်း