ဒေသခံစက်မှုလုပ်ငန်း နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ ရာ အတွက် အစိုးရကနေ ချေးငွေပုံစံ နဲ့ ငွေကြေးအကူအညီပေးမယ်
ယောနသံဒေသသည် ပြင်ပ အကူအညီ မပါပဲ ဒေသတွင်း အစီအမံဖြင့် ချေးငွေ
ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်သူများအား အသိပေးသည့် မိန့်ခွန်းအား United Tv က တဆင့်
ပြောကြားခဲ့ခြင်းကို ပြန်လည် ဖော်ပြအပ်ပါသည်။
ယောနသံ ပြည်သူ အပေါင်းတို့ ခင်ဗျာ။
ကျွန်တော်တို့ဟာ ဒေသ တစ်ခု အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပြီ
ဖြစ်ပေမယ့်လည်း တိုးတက်မှုတွေ နဲ့ ကိုယ့်ကိုကိုယ် အားကိုးနိုင်မယ့် အခြေအနေအတွက် ကျွန်တော်တို့
ခရီးဟာ မပြီးသေးပါဘူး။ တိုးတက်တဲ့ ခိုင်မာတဲ့ ဘယ်လူမျိုး၊ နေရာ မဆို မဆို သူတို့ရဲ့
ကြံ့ကြံ့ခိုင်ရပ်တည်ဖို့ အတွက် ကိုယ်တိုင် ဖူလုံပြီး အမှီအခိုကင်းတဲ့ စွမ်းရည်အပေါ်
တည်ရှိနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရ အနေနဲ့ မျှော်မှန်းတာကတော့ နိုင်ငံခြား
ရင်းနှီးမြုပ်နှံမှုတွေကို မှီခိုအားထားနေရတာထက် ကျွန်တော်တို့ ကိုယ်ပိုင် စက်မှုလုပ်ငန်း
နဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုက တဆင့် ဒေသ သာယာဝပြောရေးဆီ ဆောင်ကြဉ်းပေးသွားနိုင်ဖို့
ဖြစ်ပါတယ်။
ယောနသံ ပြည်သူ အပေါင်းတို့ ခင်ဗျာ။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဟာ တိုးတက်မှုအတွက် သေချာပေါက် အထောက်အကူပြုနိုင်ပေမယ့်လည်း ကျွန်တော်တို့
အနာဂတ် အခြေခံ အုတ်မြစ်အတွက် ပြင်ပပံ့ပိုးကူညီတာကို မှီခိုနေရမှာ မဟုတ်ဘဲ ယောနသံ ရဲ့
ကံကြမ္မာ ကို ပုံဖော်ဖို့ အတွက် ကိုယ်ပိုင်အရင်းအမြစ်တွေ၊ အရည်အချင်းတွေကို အသုံးချဖို့
အချိန်တန်ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ရည်မှန်းချက်ကြီးကြီးထားပါတယ်။ ကျွန်တော့် ရည်မှန်ချက်ကို
အကောင်အထည် ဖော်ဖို့ အတွက် စက်မှုကဏ္ဍ တိုးတက်ရေးကို ဦးစားပေး လုပ်မှာ ဖြစ်ပါတယ်။ ဒေသတွင်း
စက်မှု လုပ်ငန်းတွေ အားကောင်းလာမှသာ အခြေခံကနေ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး လုပ်ငန်းတွေ
အဖြစ် ပွင့်လန်းလာနိုင်မှာ ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ပံ့ပိုးပေးနိုင်မှာ
ဖြစ်ဖြစ်သလို ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မောင်းနှင်ဖို့ အလားအလာ
ရှိမှာ ဖြစ်ပါတယ်။
ဒီ အတွက် ကျွန်တော်တို့ အစိုးရဘက်ကနေ
ခေတ်မီနည်းပညာတွေ၊ သုတေသနနဲ့
ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံပြီး စွန့်ဦးတီထွင်သူတွေကို ကမ္ဘာ့ဇာတ်ခုံထက်
ထူချွန်ထက်မြက်စေဖို့ စွမ်းဆောင်ပေးမှာပါ။ အလားတူပဲ အရေးကြီးတာကတော့ ကျွန်တော်တို့
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပိုမိုကောင်းမွန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကံကောင်းတာက
မြေဩဇာကောင်းတဲ့ မြေတွေနဲ့ ဇီဝမျိုးကွဲတွေ ရှင်သန်ရာ အမိမြေ ရှိလို့ စိုက်ပျိုးရေး
အတွက်ကြီးမားတဲ့ အလားအလာတွေ ရှိနေတာပါ။
ကျွန်တော်တို တောင်သူလယ်သမားတွေကို ခေတ်မီနည်းပညာတွေနဲ့ အခြေခံအဆောက်အအုံတွေ အားကောင်းစေအောင် လုပ်ပေးမှာ
ဖြစ်ပြီး ဒါဟာ ပြည်သူတွေ အတွက် စားနပ်ရိက္ခာဖူလုံမှုရရှိစေမှာ
ဖြစ်သလို တဖက်မှာ ပို့ကုန်က တဆင့် ဝင်ငွေတွေ ရစေမှာပါ။
ဒီ အတွက် ကျွမ်းကျင်သူတွေ၊ စွန့်ဦးတီထွင်သူတွေ နဲ့ တောင်သူလယ်သမားဦးကြီးတွေက လက်တွဲလုပ်ဆောင်ဖို့
အရေးကြီးပါတယ်။
ယောနသံ ပြည်သူ အပေါင်းတို့ ခင်ဗျာ။
တဆက်တည်းမှာပဲ ဒေသခံစက်မှုလုပ်ငန်း နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ ရာ အတွက် အစိုးရကနေ ချေးငွေပုံစံ နဲ့ ငွေကြေးအကူအညီပေးမှာ ဖြစ်တယ်ဆိုတာကိုလည်း
ဝမ်းမြောက်ဝမ်းသာ ကြေငြာပါရစေ။ ဒီ ချေးငွေဟာ ခုနက ကျွန်တော်ပြောခဲ့တဲ့ စွန့်ဦးတီထွင်သူတွေ၊ လယ်သမားတွေနဲ့ ကျွမ်းကျင်လုပ်သားအင်အားစုတွေ လက်လှမ်းမီမှာ
ဖြစ်ပြီး အိပ်မက် ရည်မှန်းချက်တွေ အတိုင်း ရင်းနှီးမြုပ်နှံနိုင်စေမှာပါ။
အရင်းအနှီးမရှိတာဟာ သိသာထင်ရှားတဲ့
အတားအဆီးတစ်ခု ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်လိုတဲ့
စွန့်ဦးတီထွင်သူပဲဖြစ်ဖြစ် ခေတ်မီ အထွက်တိုး စိုက်ပျိုးရေး အောင်မြင်အောင်ကြိုးစားနေတဲ့ လယ်သမားပဲဖြစ်ဖြစ်
ဒီချေးငွေတွေဟာ အောင်မြင်မှုအတွက်
လမ်းခင်းပေးပါလိမ့်မယ်။
တခုသတိပေးချင်တာကတော့ ဒီချေးငွေတွေမှာ တာဝန်ယူမှု နဲ့ ကတိကဝတ်တွေ၊
မျှော်လင့်ချက်တွေ ရှိနေတယ် ဆိုတာ အလေးအနက် ပြောပါရစေ။ ကျွန်တော်တို့ရဲ့ စက်မှုလုပ်ငန်းတွေနဲ့
လယ်ယာစိုက်ပျိုးရေးတွေ ထွန်းကာလာမယ့် အနာဂတ် ကို မျှော်မှန်းထားပြီး ဒီ အတွက်တော့ ယုံကြည်မှု၊
ကြိုးစားအားထုတ်မှု နဲ့ တာဝန်ယူမှုရှိတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနဲ့သာ အောင်မြင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် ချေးငွေ ကိစ္စကို ကြပ်မတ်ဖို့ သီးသန့်ကော်မတီတစ်ရပ်ကိုလည်း ထူထောင်ထားပြီး
အဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိစေရေးတို့ကို
ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီကော်မတီဟာ ဆိုရင် ကျွန်တော်တို့ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေနဲ့ အနီးကပ်
ပူးပေါင်းဆောင်ရွက်မှာ ဖြစ်သလို လမ်းညွှန်မှုနဲ့ ပံ့ပိုးကူညီမှုတွေ လုပ်သွားမှာပါ။
ဒါ့အပြင် လိုအပ်တဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေနဲ့ ပတ်သက်လို့လည်း
ဗဟိုအဆင့် ကနေပြီး အဆင့်ဆင့်ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက် အကူအညီပေးသွားဖြစ်ပါတယ်။
ယောနသံဒေသရဲ့ စီးပွားရေး ဟာ ကိုယ်တိုင်အားထုတ်မှုနဲ့ ဖြစ်ထွန်းပြီး
ဒေသနေ ပြည်သူတိုင်းကို အကျိုးပြုတဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါဖို့ ရည်မှန်းထားပါတယ်။
ကျွန်ုပ်တို့ဒေသဟာ ပြင်ပအားကိုးမှုမရှိဘဲ ကိုယ်တိုင် ကံကြမ္မာကို
ပုံဖော်နိုင်စွမ်းရှိကြောင်း ကမ္ဘာကို ပြသကြပါစို့။
ယောနသံ ရဲ့ တောက်ပတဲ့ အနာဂတ်ကို
ဦးတည်တဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ချီတက်ကြပါစို့။
